Thursday, October 30, 2008

ကျွန်တော်ချစ်သောအမေ

ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွှင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်းတိုးခဲ့တယ်။ ကမ္ဘာ့ရွာတစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ်မြေက အမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။ လွန်ခဲ့သော ၂၀နှစ်တွင် မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော်ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း ၂၀အတွင်း ပီးကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတစ်ဆင့် လန်ဒန်မှ ဆစ်ဒ်နီ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော် ရောက်ခဲ့ဖူးသော နိုင်ငံများ ၂၀ ကျော်ခဲ့သည်။ နေရာသစ်တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော် ပြောင်းလဲနိုင်ခဲ့ဖူးသည်။သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ ip-ဖုန်းကဒ် လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏ အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။ အမေ့၏ အသံမှ တစ်နှစ်ထက်တစ်နှစ် အိုစာသွားခဲ့ သည်။ အမေနှင့်ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ အမေ့ကိုစိတ်မပူဖို့၊ နေရာတစ်ကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း၊ ထပ်တစ်လဲလဲပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေကျွန်တော့်ကို လွမ်းနေပြီး၊ တွေ့ချင်နေ ပြီဆိုတာကျွန်တော်သိလိုက်ပါသည်။

အမေ(၇၅)နှစ်ရှိပါပြီ။ ကျွန်တော် လက်ဘေးက အလုပ်တွေကိုချ စိတ်ထဲက အစီအစဉ်တွေကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှအလုပ် ဘာမှမတွေးပဲ အမေ့အနားတွင်နေမည်။
ကျွန်တော် ပြန်လာခဲ့မည့်အကြောင်း အမေ့ကို ဖုန်းဆက်အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက် သောအစားအစာများမှတ်၊ ကျွန်တော်ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့် ၀တ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေရှုပ်နေခဲ့သည် ဆိုတာကို နောက်မှ ကျွန်တော်သိခဲ့ရသည်။ အသက်(၇၅)နှစ်ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်နေရင် မောတတ်တဲ့အမေ ကျွန်တော်ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
လေယာဉ်ပေါ်ကအဆင်း အမေနှင့်တွေ့သောအခါ ပြေးပြီး ဖက်လိုက်မည်ဟု စိတ်ကူးနှင့် ကြည်နူးနေမိသည်။ တစ်ကယ်တမ်း အမေနှင့် တွေ့သောအခါတွင် ကျွန်တော် ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင်ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့်တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံနှင့်မတူတော့။ အမေ တော်တော် အိုစာသွားခဲ့ပါလား။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင်ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့ ကြောင်း အမေ့ကိုမပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီးဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက် ပေါ့တစ်ခွက်ဖြင့် အရသာများအရင်နှင့်မတူတော့။ ကျွန်တော့်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလဲ ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူထူကြီးများကို ခြုံအိပ်ရတဲ့အကျင့်ကျွန်တော်မရျိတော့။ ဂွမ်းစောင်အစား သိုးမွေး စောင်နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့၊ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့တွေ့ချင်လို့ပဲလေ။
အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့်စကားကောင်းကောင်းမပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လဲ လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်တစ်လဲလဲပြောနေတော့သသည်။ ထိုအကြောင်းများသည် လွန်ခဲ့သော ၁၀နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သောစကားများဖြစ်သည်။ ထိုအကြောင်းများ နှင့်ကျွန်တော်၏ ဘ၀နှင့်အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီးပြောတော့သည်။ ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက် ကျပြီ ဖြစ်ကြောင်း ပြောမေလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်နေတတ်သည်။
မျက်စိတွေ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော်သတိပြုမိသည်။ အမေချက်သောဟင်းထဲတွင် တစ် ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျင်လျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် အရင်ကနှင့်မတူတော့။ အိမ်တွင် မချက်စားပဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် ငါလှုပ်ရှားနိုင်သေးသည်။ ငါမအိုသေးဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့မရောက်နိုင်ခဲ့။
အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော့်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီဟု အမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကိုတော့ ကျွန်တော် အားမနာစွာ အမေ့ကိုပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်စော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောက်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ် မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီးပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားစကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ် နေတတ်သည်။
ခွင့်တစ်လပြည့်ပြီး ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသသည် ကုတင်အောက်က သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော့်အားပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တော်ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ဖူးသမျှနိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော့်ကိုပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစ်စိုက် ညှပ်ပြီး အမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော့်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့် အတူတူ ဆောင်သွားစေလိုသည်။
မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုတာကို ကျွန် တော်အသိ၊ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲသို့ ဖြတ်ပိုင်းလေးတစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အကျီအိပ်ထဲသို့ထည့်လိုက်သည်။ "ဘာဖြတ်ပိုင်းလဲအမေ ကျွန်တော့်ကို ပြပါလား" အမေတွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော် ချက်ခြင်းဖတ်ကြည့်လိုက်မိသည်။ "ငါအိုသွားသောအခါ" ဟုခေါင်းစဉ်တပ်ထားသော ၂၀၀၄-၁၂-လပိုင်း ၆ရက်နေ့က ဆောင်းပါးလေးဖြစ်သည်။ ဆောင်းပါးလေး မှာ ........

"ငါအိုသွားသောအခါ"

ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်တော့ဘူး၊ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကိုမရွံပါနဲ့
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ၊
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မရိုးအောင် ပြောရင်းငါချော့သိပ်ခဲ့ဖူးတာတွေကိုသတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုပြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီးစဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ပေးခဲ့သလို အခုအချိန် မှာ ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ့အပြုံးတွေထဲက မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော်သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်း များကိုထည့်လိုက်သည်။ ကျန်သောဖြတ်ပိုင်းများက ကျွန်တော့်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့်ဘယ်နေရာရောက် ရောက် ကျွန်တော့်အပါး အမြဲမခွာတော့။

မြန်မာပြည်မှ အမေ့ကို ဒီဝတ္တုတိုလေးကိုရေးရင်း မျက်ရည်များဖြင့် သားကန်တော့လိုက်ပါတယ်....

မိန်းကလေးများ၏အချစ်ဇယား

ဒီတစ်ယောက်ကအချစ်ဦးမို့
တစ်သက်မမေ့နိုင်ဖြစ်ရသည်။
ဒုတိယတစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်။
ဟောဒီ့တစ်ယောက်က အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်။
ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့

သူ့နှုတ်ခမ်းလေးကို စွဲလမ်းသည်။
အဲ့ဒီ့တစ်ယောက်က တိုင်းရင်းသားလေးမို့
အသံဝဲလေးကို ချစ်မိပြီ။
စေ့စပ်ထားတဲ့ ကောင်လေးက
ခပ်မိုက်မိုက်မို့ လက်မလွှတ်ချင်အောင်ဖြစ်ပါသည်။
အထက်ပါခြောက်ယောက်ရက်တွေပြည့်လို့
တနင်္ဂနွေပိုသေးသည်။
စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါ
တနင်္ဂနွေအားသူဖြစ်ရမည်။

Wednesday, October 29, 2008


ထိုင်းနိုင်ငံကိုရောက်မှ တွေ့ခဲ့ရတဲ့သူငယ်ချင်းလေးပါ .. သူ့နာမည်ကအောင်အောင်တဲ့ . ကျွန်တော့်အပေါ်အတော်လေးကို အနွံ့အတာခံပါတယ်.. ကျွန်တော်သူ့ကိုငယ်သူငယ်ချင်းတစ်ယောက်လိုချစ်ခဲ့မိတာပါ.
သူငယ်ချင်းများအတွက် အမှတ်တရပါ ...


ကျေးဇူးတင်ပါတယ်

G-talk Multiple

Google Talk ကို ပုံမှန်ဆိုရင် account နှစ်ခု တစ်ပြိုင်နက် ၀င်လို့မရပါဘူး။ account နောက်တစ်ခု ပြောင်းသုံးချင်ရင် အရင်ဝင်ထားတဲ့ account ကို sign out လုပ်ပြီးမှ နောက် account တစ်ခု ၀င်လို့ရပါတယ်။

Google Talk ကို account တစ်ခုထက်ပိုပြီး တစ်ပြိုင်နက် ၀င်ချင်ရင် ဒီလိုလုပ်ရင်ရပါတယ်။
Start > All Programs > Google Talk > Right click Google Talk > Properties
Shortcut tab ကို ၀င်ပါ။
Target မှာ "C:\Program Files\Google\Google Talk\googletalk.exe" /nomutex လို့ ထည့်ပါ။

General tab ကို ၀င်ပါ။
Google Talk ဆိုတဲ့ နေရာမှာ Google Talk Multiple လို့ ပြောင်းပါ။
ဒီလိုလုပ် ပြီးပြီဆိုရင်တော့ account နှစ်ခု တစ်ပြိုင်နက် ၀င်လို့ရသွားပါပြီ။

ဂျစ်ပစီငှက်

မသေမချင်း မပြည့်ဝနိုင်တဲ့
လိုအင်ဆန္ဒတွေကြားထဲ
"အူဝဲ" ဆိုတဲ့အသံကြားတိုင်း
လောကထဲကို ဒုက္ခအိုးထမ်းပြီး
ခြေလှမ်းဖို့ လူတစ်ယောက်
ထပ်တိုးလာပြီလို့
ငါခံစားမိတယ် ......
ဆန္ဒရဲ့ခြေရာနောက်လိုက်ရင်
ပျော်ရွှင်ခြင်းနယ်ထဲကို
ကျွံဝင်လိုက်ပြီဆိုတာနဲ့
သောကရဲ့ နွံအိုင်က
နောက်တစ်လှမ်းအတွက်ပဲ
နိုးထခြင်းနဲ့ အိပ်စက်ခြင်းအကြား
ဆာလောင်မှုတွေနဲ့
ညှပ်ပိတ်ခံနေရတဲ့ကြားထဲ
မကောင်းမှုတွေရဲ့
မြူဆွယ်ရာ ပါသွားတတ်တဲ့
စိတ်.........

မျက်နှာသစ်ပြီးမှ
ပေါ်လာတဲ့ နောင်တက
အမြဲတမ်း ...........
ပန်းဝင်နောက်ကျတတ်တယ်
တောင်းပန်လို့မရနိုင်တဲ့
ကောလဟာလတွေရဲ့အကြား
မြွေတစ်ကောင်လို
လူးလွန့်ယိမ်းထိုးရင်း
အသံမဲ့ အချက်ပေးတတ်တဲ့
အသိစိတ်တွေက တစ်ခါတစ်လေ
လေပြင်းတိုက်ခံရတဲ့
သဲမှုန်ပွင့်လို ကစဥ့်ကလျား
ဖြစ်ချင်တဲ့ ဆန္ဒနဲ့
လက်တွေ့ဘ၀ဆိုတာက
ပေါင်းကူးတံတားကျိုးပဲ့နေတဲ့
ကမ်းပါးစွန်းတစ်ဖက်စီမှာ .............
ရှုပ်ယှက်ခတ်နေတဲ့
လူ့ဘ၀ပေါင်းမြက်တောထဲမှာ
နားအူမတတ်အော်နေတဲ့
ဖားသံတွေကြားတိုင်း
ငါ့မျက်နှာမှာ ဒဏ်ရာမရှိပဲ
ရှုံ့မဲ့သွားတတ်တယ် ............
ရင်ထဲရှိသမျှသာ ဖွင့်ဟဖြစ်ရင်
ခုံပေါ်မှာ အဆီရစ်ပြီး
အိပ်ပျော်နေသူကို
ဝင်တိုက်မိသလို ဖြစ်လိမ့်မယ် .....

သူငယ်ချင်းဟူသည်

သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ် ဘဲ ကောက်တွေ့ခဲ့ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်းအချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့ တယ်။ လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့သူငယ်ချင်းတွေလည်း ရှိတယ်။ လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတာလဲ ရှိတယ်။ အိမ်မှား ၀င်ပြီး ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ ကြတဲ့သူငယ်ချင်းတွေလည်း ရှိတယ်။ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ သူငယ်ချင်းတွေကကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း တကွဲတပြားစီ ဖြစ်ပြီး အဆက်အသွယ်က နည်းသထက် နည်းလာခဲ့တယ်။သူငယ်ချင်းတွေမှာ အသက် အပိုင်းအခြား မရှိဘူး။

ကိုယ့်နဲ့ရွယ်တူလည်းရှိတယ်။ ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့ လူလည်း ရှိတယ်။ ကြီးတဲ့သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့ အတွေ့အကြုံကို ယူတယ်။ ငယ်တဲ့သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကိုပြန်ရှာတယ်။ သူငယ်ချင်းတွေမှာ အသက်အရွယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။သူငယ်ချင်းတွေဟာ နွေ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်။တချို့က ပူပြင်းတဲ့ နွေနဲ့တူတယ်။ တချို့က နွေရဲ့ အပူဒဏ်ကို လျော့ပေးတဲ့မိုးနဲ့တူတယ်။ တချို့က အေးမြတဲ့ ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့အလှပတွေကို ခံစားရင်း ကိုယ့်ဘ၀ကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လိုစသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ၀မ်းနည်းစရာ၊ ၀မ်းသာစရာတွေနဲ့ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကိုမြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။ကွန်ပြူတာရဲ့ ဟိုတစ်ဖက်မှာ ထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကိုသူတို့ကြည့်ပြီး ပျော်နေမလား။ စာဖတ်ရလွန်းလို့ပဲ ကိုယ့်စာကြောင့်လို့ စိတ်ပျက်ပျက်နဲ့ ငြီးငြူနေမလား။ ဘာတွေလျောက်ရေးထားလဲ မသိဘူးဆိုပြီး မဲ့နေ မလား။ သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်မပြောပြတတ်လို့ အေးစက်တဲ့ ကွန်ပြူတာ ကတဆင့် ဒီကမ္ဘာရဲ့ ထောင့်တစ်နေရာကနေသူငယ်ချင်းတွေ ကျန်းမာပျော်ရွှင်ဖို့ နွေးထွေးတဲ့ ကိုယ့်မေတ္တာနဲ့ တောင်းဆုပြုလိုက်ပါတယ်။

အင်တာနက်ချစ်သူ(၀ိညာဉ်)

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ် သည်မှာ ကျွန်တော့်အတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး
ကျွန်တော် တစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်တော့်မှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်တော့်ဆီပို့သော သူမ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။ "အင်တာနက်ကို မုန်းတယ်။ ယောင်္ကျားတွေကို မုန်းတယ်။အထူးသဖြင့်ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"ထိုစာကြောင်းကို ဖတ်ပြီး ကျွန်တော်စိတ်ဝင်စားသွားမိသည်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်တော်ပို့သော စာကိုဖတ်ပြီး သူမပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်တော်တွေးမိသည်။ "ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"သို့သော်

တစ်မိနစ်မျှပင် မကြာလိုက်...."ဟုတ်တယ်.. ကျွန်မက အခုသရဲလေ""ဟား....သရဲဖြစ်ရတာပျော်လား""ကျွန်မ မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်မ မကျွတ်ဘူး""ဟား...ဟား.. အချစ်အတွက်ကြောင့်လေ" ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူမနှင့် ကျွန်တော် online သူငယ်ချင်း ဖြစ်သွားကြသည်။ သူမသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ကောင်မလေးတစ်ယောက် ဖြစ်သည်။ သူမသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်တော်ပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား။ ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်တော် ဖြေသိမ့်မိသည်။ သူမသည် အရင်ကတည်းက ကျွန်တော်၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်တော်၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူမသည် ကျွန်တော်ဘေးတွင်ရှိနေခဲ့ပြီး ကျွန်တော့်ကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။ "ကျွန်တော် အခုဘာလုပ်နေလဲ"တစ်ခါတရံ နောက်ပြောင်ပြီး သူမကို ကျွန်တော်မေးခဲ့ဖူးသည်။ သူနှုတ်ဆိတ် နေတတ်ပြီး..."တော်ပါပြီ...ကျွန်မမပြောချင်ဘူး. ပြောလိုက်ရင် လန့်သွားဦးမယ်" "ကော်ဖီတွေ သိပ်မသောက်နဲ့လေ""ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"တစ်ခါတရံ ကျွန်တော် မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။ ကျွန်တော်နှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူမသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ ညီ"ဟုခေါ်သော ကောင်လေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ ညီ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့မအဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ ညီ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူမသာယာမိကြောင်း ကျွန်တော့်ကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော "ညီ"မှာ သူမ မသိနားမလည်သည်များကို သင်ပြတတ်သည်။ "ညီ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူမအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း ညီ"မှလွဲ၍ မည်သူနှင့်မျှ သူမစကားမပြောပေ။ "ကျွန်မ ညီ့ကို ချစ်တယ်။ ကျွန်မရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား" "အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ" "ကျွန်မမှာ ညီ့ကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်" "အချစ်... အဟား... ညီ့မှာ ပေါလွန်းလို့ကွယ်""ဒါဆို ညီလိုချင်တာ ကျွန်မအကုန်ပေးမယ်" "အသက် ယူမယ်ဆိုရင် ပေးနိုင်မလား" "ကောင်းပြီလေ" ညီ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ "ညီ"၏ စကားလုံး ချိုချိုလေး များကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူမ အားမရတော့။ ညီ့"ကို အပြင်လောကတွင် သူမတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး ညီ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ ညီ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူမတောင်းဆိုမိသည်။ ညီ"က တောင်းဆိုမှုတွေ များလွန်း နေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် ညီ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ ညီ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် ညီ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။ ညတိုင်း သန်းခေါင်ယံအချိန်တွင် သူမသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူမနှင့်ညီ"၏ ပုံပြင်ကို ကျွန်တော့်အား ပြောပြတတ်သည်။ တစ်ခါတရံ သူမ၏လုပ်ရပ်များကို ကျွန်တော် မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူမပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်တော့်အတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။ "ဘာဖြစ်လို့ မီးမဖွင့်တာလဲ။ အလင်းပြန်နေတာ မျက်စိပျက်မယ်နော်""ဘာပြောချင်တာလဲ။ ကျွန်တော့်ကို ထိုင်ကြည့် နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား" "ကျွန်မ တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား" ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်တော်ကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်တော် အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်တော်နည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။ "ခင်ဗျားက ထူးခြားတယ်""ဘာဖြစ်လို့လဲ""ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား""ကျွန်တော် တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်တော်အိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်တော်၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်တော်ခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်တော်အိပ်လိုက်သည်။ အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ကောင်မလေးတစ်ယောက် ကျွန်တော်အခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်တော်ထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုကောင်မလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ် ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်တော့် ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်တော်၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်တော့်မျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်တော်မျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်တော် ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်တော် တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် သူမ ရုပ်ရှည်ကို ကျွန်တော်ကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်တော် ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။ "ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"ကျွန်တော် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...စာကြောင်းရေးပို့လိုက်သူမှာ ကျွန်တော်နှင့် ညတိုင်း chatting လုပ်နေသော သူ့မကိုယ်သူမ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်တော် အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူမဟာ ကျွန်တော်လို လူစင်စစ် တစ်ယောက်ဖြစ်ကြောင်း ကျွန်တော်ကိုယ်ကျွန်တော် အသိပေးနေမိသည်။ "တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"ကျွန်တော် ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူမပြောချင်တာကို ပြောနေသည်။"မင်းအခု ဘယ်မှာလဲ... ကျွန်တော် အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်တော် ထိန့်လန့်စွာ မေးလိုက်သည်။"ရှင် ဘယ်လို အဖြေမျိုးကို လိုချင်လဲ""တိကျတဲ့ အဖြေမှန်ကို ကျွန်တော် လိုချင်တယ်""ခင်ဗျား အဖြူရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ စားပွဲခုံပေါ်မှာ ရှင်သောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ရှင် အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား။ ရှင်ဖျားနေပြီ" ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်တော် နှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်တော်ဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါ ခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်တော် ဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်တော်၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်တော်၏အကျင့်တွေကို သူမသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူမကိုစောင့်နေတတ်သော ကျွန်တော်၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့် နေပုံရသည်။ သူမစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်တော်တစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်တော် တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်တော်၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်တော့်အား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်တော့်ဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား။ ကျွန်တော် ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူမပြောခဲ့သော စကားကို ပြန်သတိရမိသည်။ "ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ရှင် ဖျားနေပြီ"ကော်ဖီကို ကျွန်တော် ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူမပုံရိပ်ကို ကျွန်တော်မြင်ယောင်မိသည်။ သူမသာ တစ္ဆေမဟုတ်ခဲ့လျှင် ယောင်္ကျားလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူမ၏ခံစားချက်များကို နားထောင်ပြီး သူမအပေါ် ကျွန်တော် သနားမှုတွေ ပိုသွားပြီလား...သူမကို ကျွန်တော် ချစ်မိသွားပြီလား.. တစ္ဆေတစ်ကောင်ကို ကျွန်တော်ချစ်မိသွားပြီလား။ ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်... သူမပြောပြ ဖူးသော သူမအကြောင်းများကို ကျွန်တော်ပြန်စဉ်းစားမိသည်။ သူမအပေါ် "ညီ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်တော်သိခဲ့သည်။ သူမလို ရုပ်ရည်ချောမောသည့် လူကို "ညီ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ။ ကျွန်တော်သိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ်ုကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်။ ယောင်္ကျားတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်တော့်အား ပြောပြနေသလဲ။ ကျွန်တော့်သိချင်စိတ် ပိုပြင်းပြလာခဲ့သည်။ ညအမှောင်ထု ၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်တော့်စိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များ ကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်တော် အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိ ရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်တော် ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက် ထားသော တစ္ဆေတစ်ကောင်ကို ကျွန်တော် မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်တော် မကြာခဏ လှည့်ကြည့်နေမိသည်။ သူမကို ကျွန်တော်စောင့်နေကြောင်း သူမအား သိစေချင်သေးသည်။ ည ၁၂ နာရီ ၀၁ မိနစ်. နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက် ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်တော့် အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား... "တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"သူလာပါပြီ.... ကျွန်တော် ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်တော့်မှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။ "နည်းနည်းတော့ ကြောက်မိပါတယ်"ကျွန်တော် စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်တော်ပြောသမျှ သူမ ကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်တော် မျှော်လင့်ချင်ပါသေးသည်။ "ရှင် အရင်က ကျွန်မကို မကြောက်ပါဘူး။ ကျွန်မ စိတ်မကောင်းဘူးရှင်ရယ်""အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်တော်ထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး""အခု ရှင် သိပြီလေ။ ကျွန်မနဲ့ ဆက်စကားပြောနေဦးမလား""အင်း... ပြောမယ်။ ကျွန်တော်သိချင်တာတွေ မေးရဦးမယ်" ကျွန်တော် အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။"ညီ နဲ့ မင်းရဲ့အကြောင်းကို အစအဆုံး ပြောပြနိုင်မလား" ကျွန်မနဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်မနဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်မကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်မရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်" "မင်း ဘယ်လိုလုပ်သိလိုက် တာလဲ" "သူနဲ့တွေ့နိုင်ဖို့ ကျွန်မ အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ကျွန်မတွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်မကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်မစိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်မမှတ်မိနေခဲ့တယ်။ သူအရမ်းချောတာပဲ။ ယောင်္ကျားလဲပီသတယ် .... ဓာတ်ပုံထဲကထက်တောင် ခန့်သေးတယ်" ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်တော်မျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။ "ရှင့်ကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား" "ဟင့်အင်း... ကျွန်တော် မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်တော် ခေါင်းရမ်းရင်း ပြောလိုက်မိသည်။ "ရှင့်ရဲ့ လက်ကို ကျွန်မ ကိုင်နေတယ်... ခံစားလို့ရလား"မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်တော်ယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်တော် ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်တော့်လက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်တော်မြင်ယောင်ကြည့်မိသည်။ "ရှင့် ကြည့်ရတာ အားမရှိလိုက်တာ။ ကျွန်မ စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်" စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူမစကားများကို ကျွန်တော်ခံစားမိသည်။ "ကျွန်တော် တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"ကျွန်တော် အရဲစွန့်ပြီး ကျွန်တော် အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။"ဘာဖြစ်လို့ ကျွန်တော့်ကိုမှ ရွေးချယ်ခဲ့ရတာလဲ" "... ကျွန်မ စောင့်ကြည့်နေတာ ကြာပြီ။ ရှင်နဲ့ chatting မလုပ်ခင်ကတည်းက ရှင့်အခန်းထဲမှာ ကျွန်မရှိနေခဲ့တယ်" တစ္ဆေတစ်ကောင် ကျွန်တော့် အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်တော် မသိခဲ့ပါလား.. ကျွန်တော်၏ နေ့စဉ် အပြုအမှု များကို သူမစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်တော့်စိတ်တွေ ထူပူသွားမိသည်..."ဟား...ဟား.. ရှင် ဘာတွေးနေလဲ ကျွန်မသိတယ်။ ကျွန်မ အဲဒီလောက် သတ္တိမရှိပါဘူး" ကျွန်တော့်မျက်နှာ နှစ်ဖက်ကိုကြည့်ရင်း ကျွန်တော်၏အတွေးကို သူမသိနေခဲ့သည်။"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ မင်းမသိဘူးလား" "တရားတယ်၊ မတရားဘူးဆိုတာ ကျွန်မ မသိဘူး။ ကျွန်မတို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ရှင်နဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်မ အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး စောင့်ကြည့် မနေတော့ပါဘူး" "နေပါဦး..... နေ့လည်အချိန် တွေမှာ မင်းဘာလုပ်နေလဲ" "နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်မ၀င်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး" ကျွန်တော် မျက်လုံးများ ပြူးသွားမိသည်။လေးထောင့်အခန်း......... ခန္ဓာကိုယ်.... "နေ.. နေပါဦး... လူတွေက မင်းကို မသင်္ဂြိုလ်ကြသေးဘူးလား""ကျွန်မရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်" သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ် ဖြစ်မည်။ "မင်းဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား" "ကျွန်တော် ပြန်သွားရင် ရှင့်ကို ကျွန်မ မမြင်ရတော့ဘူး။ ကျွန်မကို မေ့သွားမှာ စိုးတယ်" သူမစကားကို ကြားပြီး ကျွန်တော် စိတ်မကောင်းဖြစ်သွားမိသည်။ သူမ၏စိတ်ထဲတွင် ကျွန်တော် ရှိနေခဲ့ပြီလား... လူသား တစ်ယောက် အနေနှင့် သူမ၏ကြင်နာမှုကို ကျွန်တော်ခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူမမှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်တော့်ကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်တော် ရင်ထဲ အတော်လေးကြေကွဲဝမ်းနည်း သွားမိသည်။ သူမကိုလည်း သနားသွားမိသည်။ ရင်ထဲက ၀မ်းနည်း မှုက မျက်ရည်ဖြစ်ဖို့ တာဆူနေပြီလေ။ "ကျွန်မအတွက်နဲ့ မျက်ရည်မကျပါနဲ့လား ... (ကျွန်တော်မျက်ရည်ကြည်လေး တွေကို သူမသုတ်ဖို့ ကြိုးစားနေတယ်)" ထိုစာကြောင်းကို ကြည့်ပြီး ကျွန်တော် အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်တော့်ကို နှစ်သိမ့်နေပါလား..။ စီးကျလုလု မျက်ရည်များကို ကပျာကယာ သုတ်ပေး နေသည့် သူမကို ကျွန်တော်မြင်ယောင်ကြည့်မိသည်။ "မင်းရဲ့ ကြင်နာမှုကို ကျွန်တော် ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ကြင်နာမှုတွေကို မင်းကို ပေးချင်တာပါ ...... မင်းရဲ့ လိုအပ်နေတဲ့ ကွပ်လပ်လေးကို ကိုဖြည့်ဆည်းပေးချင်တာပါ .... မင်းရဲ့ ၀မ်းနည်းခဲ့တဲ့ ရက်တွေအတွက် အပျော်တွေနဲ့ပဲ ရှိနေစေချင်တာ..."ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား""ဟုတ်တယ်" .."၀င်သွားပြီးနောက်ပိုင်း ရှင်နဲ့ ပတ်သက်သမျှ ကျွန်မ သတိမရတော့မှာကို မကြောက်ဘူးလား""ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်တော့်ကို မေ့သွားမှာလား" ကျွန်တော်စိတ်ပူစွာ ပြောလိုက်မိသည်။ "အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ" ပြန်သွားပြီး သူမ သတိမရခဲ့လို့ ကျွန်တော့်ကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်တော့်ကြောင့် သူမသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။ "ပြန်သွားပါ။ ရှင် ကျွန်တော့်ကို မမေ့ဘူးလို့ ကို ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်တော့်ရှေ့မှာ ထိုင်ပြီး မင်းနဲ့ ညီ့အကြောင်းပြောပြတာကို ကျွန်တော် ကြားချင်သေးတယ်" မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်တော် ပြောလိုက်သည်။ "ရှင့်စကားကို ကျွန်မ နားထောင်မယ်။ ကျွန်မ ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်မ ပြန်အလာကို စောင့်နေမလား" "ကျွန်တော် စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကို့ကို မေ့ခဲ့မယ်ဆိုရင်တောင် မင်းသတိရပြီး ကို့ကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်" ကျွန်တော်ပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းချင်လာမိပြန်သည်။ သူမ ကျွန်တော့်အနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။ "ရှင့်နဖူးကို ကျွန်မ နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်မသွားပြီ။ ကျွန်မ ပြန်အလာကို စောင့်နေပါနော်" နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူမ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်တော် ထိုင်ခုံပေါ်တွင် ထိုင်ရင်း ခြေကုန်လက်ပမ်းကျသလိုမျိုး ဖြစ်သွားမိသည်.... အိပ်မက်ထဲက သူမပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူမသည် အချိန်မရွေး ကျွန်တော့်ရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူမကို နွေးထွေးစွာ ကျွန်တော်ကြိုမည်။ သူမ မလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်တော် online ပေါ်သို့ တက်ပြီး သူမကိုရှာမြဲ... သူမ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။ ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူမကို ကျွန်တော် လိုက်ရှာနေမိသည်။

အုံပုံးအချစ်

လှမ်းဆွတ်ချင်လည်း
မနမ်းဝံ့ပါ ...
ရင်ထဲက အတွေး
စိတ်ကူးနဲ့ပဲ မွှေးပါရစေ .....

ကြင်နာချင်ပေမယ့်
ဝင်္ကပါလို ဖြစ်မှာစိုး၊
ရင်ခွင်စိတ်ကူး
အိပ်မက်နဲ့ ရူးပါရစေ ....
တွေ့ချင်ပေမယ့်
မေ့ရင် ပိုကောင်းမလားမသိ
သံယောဇဉ်ကြိုး
ပြတ်မှာလဲ စိုးတယ် .....
ဖွင့်ပြောချင်ပေမယ့်
သခင့်သဘောကို မသိ၊
တိတ်တဆိတ်ကလေး
သူမမြင်အောင် ငေးမိ။
အချစ်ကို ရင်မှာပွေ့
သခင်မတွေ့အောင် လျှို့ဝှက်
ဒို့အတွက် .....
သတ္တိမရှိသူဖြစ်နေလား ......
ကံကြမ္မာကို မယုံရဲ
ငိုပွဲတွေ မကြုံစေချင်
လိုနေရင် ဖြည့်ပေး
ပိုနေရင် ထွက်ပြေး
ဆက်စပ်လို့တွေးကြည့်ရင်
ဒီပန်းကလေးတစ်သက်လုံး
ညိုးမှာကို စိုးလို့ပါကွယ် ...................

တစ်မြေ့မြေ့

ဖွင့်ဟပြောမှ

အချစ်လို့မည်ရင်
ဒီမျက်လုံးထဲက
ပုံရိပ်တွေဟာ
နှလုံးသား တစ်နေရာဆီ
တွန်းပို့လိုက်တိုင်း
လျှို့ဝှက်စွာနဲ့
သိမ်းဆည်းတတ်တဲ့ ........ ငါဟာ

တကယ်တော့
မျိုသိပ်ပါများလို့
အ ...... သွားရတဲ့သူပါကွာ .....

ရိုးသားစွာမိုက်မဲဖူးသော

ခွဲခွာခြင်းရဲ့နောက်ကွယ်မှာ
ငါ့အတွက်
ခိုင်မြဲစွာကျန်ရစ်တာက
ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားတဲ့
လက်နှစ်ဖက်ပါပဲ ..........

တစ်ကယ်ဆို
အိပ်မက်ဖြစ်သွားတဲ့
လက်တွေ့ဘ၀ထဲမှာ ..... ငါဟာ
ရိုးသားစွာနဲ့ မိုက်မဲခဲ့သူပါ .......
အရှုံးနဲ့ ဆုတ်ခွာပြီးတဲ့နောက်ပိုင်း
ရင်ထဲက အသံမဲ့ ဟစ်ကြွေးလိုက်တဲ့
ယောက်ျားတစ်ယောက်ရဲ့
မာနတရားဆိုတာက
ဒဏ်ရာရ ကျားတစ်ကောင်ရဲ့
ညည်းတွားမာန်ဖီသံမျိုးပေါ့ ..........
ရင်မခုန်တတ်ရင်
ဖြေသာလိမ့်မယ် ဆိုတဲ့ အတွေးက
ဒဏ်ရာနဲ့ လဲလျောင်းနေတဲ့
နှလုံးသားနံဘေးမှာ
နားငြီးစရာကောင်းတဲ့
ဧည့်သည်တစ်ယောက်လိုပဲ ...........

Contact form









E-mail Address: *
အမည် *
ဒီဝဘ်ဆိုက်လိပ်စာ ရရှိလာပုံ *
နိုင်ငံ *
ခေါင်းစဉ် *
အကြောင်းအရာ *

* Requiredညီနေမင်း

မံမီနှလုံးသားတစ်ခုအကြောင်း

လှပတဲ့တေးသွားတစ်ပုဒ်
ကမ္ဘာ့အပြင်ဘက်
ပြေးထွက်သွားခဲ့ရင်
အချိန်တွေကို ဆွဲထားပြီး
အစားထိုးဖို့မဖြစ်နိုင်ပါ ....

မညီမျှတဲ့ ဘ၀ရဲ့
ချိန်ခွင်နှစ်ဖက်ကြားမှာ
မချိုမြိန်တဲ့ ဆုံတွေ့ခြင်းအတွက်
ကြေကွဲပေးရမလား ...
ကြင်နာသူလက်ကိုကိုင်လိုက်တိုင်း
အေးစက်စက်နဲ့
အသက်သွင်းထားတဲ့
ရုပ်တုတစ်ခုလား ......
တစ်ကယ်ဆို နင်ဟာလေ
အစိမ်းရောင်မြက်ခင်းပြင်ပေါ်
အိပ်စက်နေသူပါလေ ....
အချစ်ကို တိမ်တိုက်လို အဓိပ္ပါယ်သတ်မှတ်ပြီး
လေဟာပြင်နဲ့ ဈေးကစားနေသူပါ .....
ဒီအတွက် ငါဆုတောင်းပေးလိုက်ပါတယ်
မိန်းကလေးရယ် ......
မင်းအတွက်
နောင်တဆိုတာမရခင်
တစ်ခုခုအဆင်ပြေနိုင်ပါစေလို့ပေါ့ ......

ပုံရိပ်ယောင်ည

အတိတ်ကို စောင်းငဲ့ကြည့်တိုင်း
နာကျည်းစရာ အိပ်မက်ဆိုးထဲက
လှောင်ပြောင်သံသဲ့သဲ့ကိုကြား
တစ်ပိုင်းတစ်စ ပန်းချီကားတစ်ချပ်
ငါကျောခိုင်းပြီးတဲ့နောက်
ရင်ခွင်ထဲက စုတ်ချက်ကြမ်းကြမ်းတွေ
ဘယ်လိုဆေးသားနဲ့
အရောင်ပြောင်းပစ်ရမလဲ .............

အချိန်ဆိုတာ ဒဏ်ရာရဲ့ဆေး ဆိုပေမယ့်
တစ်ခါတစ်လေ
မိုက်မဲစွာ ပြန်တွေးမိတိုင်း
ကြိုးဝိုင်းထဲမှာ အလဲထိုးခံရတဲ့
ငါ့နှလုံးသား ....... တကယ်ဆို
ဟန်ဆောင်မှုများစွာနဲ့
ဧည့်ခံနေတဲ့ သရုပ်ဆောင်ကောင်းသော
ညတစ်ည (သို့) ဘ၀တစ်ခုထဲ
စည်းကြပ်ဒိုင်မဲ့
ရိုးသားစွာ အရှုံးပေးခဲ့ရသော
ငါ .....................
တသက်လုံး ဒီကျိန်စာတွေနဲ့
ပွေ့ပိုက် ပျော်မွှေ့နေရမလား
မင်းခင်တွယ်မြတ်နိုးတဲ့
ဒဏ်ရာဗရပွနဲ့ ရိုးသားမှုတွေ
ကွဲရှလွယ်တဲ့ မှန်တစ်ချပ်ရဲ့
နောက်ကွယ်က ယုယမှုတွေ
လေဟာပြင်ထဲ ထွန်းညှိထားတဲ့
မီးတစ်ပွင့်ရဲ့ ငွေကြေးတွေ
အဲ့ဒီ့ အိပ်မက်တွေက
မင်းအတွက် အမှန်တကယ်
အိပ်မက်ဖြစ်နေရင်
ငါ့ကြေကွဲခံစားမှုတွေဟာ
ထိုက်တန်တဲ့ အရင်းအနှီးမဟုတ်ဘူး ......
ဒီအတွက် ........ ငါ
နာကျဉ်းစွာနဲ့ ဆုတောင်းပေးပါတယ်
မင်းအိပ်မက်တွေဟာ
လက်တွေ့ ဘ၀ထဲမှာ
ရပ်တည်မှု အပြီးသတ်ပါစေလို့ .........

အိပ်မက်ဆိုး

ခြောက်သွေ့တဲ့ အထီးကျန်အိပ်မက်၊
ထိတ်လန့်ခြင်းက တစ်ရက်ပြီးတစ်ရက်ဆက်တိုက်
တစ်ခါတစ်လေ နိုးတစ်ဝက်၊ အိပ်တစ်ဝက်နဲ့
အိပ်ပျက်ခဲ့တဲ့ရက်တွေ ရေတွက်ဖို့ကို
မေ့လျော့နေခဲ့ .........

ဓါတ်ပြားဟောင်းတစ်ချပ်ကို အခါခါပြန်ကြည့်သလိုမျိုး
ဒီအရိပ်တွေပဲ ပြန်မြင်နေမိတယ် ....
ကြာလာတော့ ဒီအိပ်မက်ကြီးကို စိုးရွံ့နေရင်
အိပ်စက်ခြင်းတွေကို မျက်ကွယ်ပြုချင်နေမိတယ် ......
တစ်ခါတစ်ခါ ၀ိဥာဏ်တစ်ချို့ရဲ့ လှောင်ရယ်သံလိုလို
သစ်ရွက်ကြွေသံလိုလို၊ မင်းခေါ်သံလိုလို ပဲ့တင်သံတွေ
ငါ့နားထဲမှာ ကြားမိတာတော့ အသေအချာပဲ .....
ဒါဟာ မင်းအကြောင်းကိုတွေးရင်း
စိတ်မချမှုတွေ၊ လွမ်းဆွေးမှုတွေနဲ့
အနာဂတ်ဆိုတာကို ကြောက်နေမိတဲ့
စိုးရိမ်မှုကြောင့်ပဲလား ........
ဒါမှမဟုတ် စိတ်ခံစားမှုတွေပဲ ဒီဂရီတိုးလာလို့ပဲလား ...
ငါဝေခွဲရင်းနဲ့ အိပ်ပျက်ရက်တွေများလာမိတယ် ......
ဒါပေမယ့် .........
ဒီအချိန်မှာ မင်းကတော့ တစ်ခေါခေါနဲ့ပေါ့ ..............

လင်းယုန်ဝိညာဉ်

လမ်းတစ်ဝက်ကနေ အဆုံးကိုကြည့်
မမြင်သေးရင် လှည့်ပြန်မှာလား ..
တောင်တန်းလိုကျင့်၊ တိမ်လိုမမြင်နဲ့
သဘောကျသလိုနေ၊ သောကမပွေစေနဲ့
ဖြစ်နိုင်ရင်
"လာစမ်းသောကတွေ"
မင်းခေါ်ကြည့်
သူတို့တစ်တွေ တွေဝေနေလိမ့်မယ်

သောကတွေကို ဘောင်သွင်းထားလို့
မင်းအတွက် အကျဉ်းကျနေရင်
သီချင်းသာ ညဉ်းဆိုလိုက်
မင်းရှေ့ကို တံခါးတစ်ချပ်
အလိုလိုဖွင့်ပေးလာလိမ့်မယ် ...
ပြီးဆုံးသွားတဲ့ သောက
ပြီးပြည့်စုံတဲ့ဘဝ
ရှာဖွေဖို့ မကြိုးစားနဲ့
ရပ်တည်နေတဲ့၊ ခြေထောက်ရဲ့
ခံနိုင်အားကိုသာတွေး ...
မုန်တိုင်းကြားက လင်းယုန်ငှက်ရဲ့
တောင်ပံခတ်သံဟာ
စွမ်းအားတစ်ခုလို့ သိနားလည်ခဲ့ရင်
လေနီကြမ်းလောက်ကို ခါးစောင်းခံတိုက်နိုင်တယ်
ဒါပေမယ့် ....
မိုးကိုတိုက်မယ့်
ဒူးခေါင်းကိုတော့ မေ့ပစ်လိုက်ပါတော့ ...
ဖြစ်နိုင်ရင်
အလွမ်းတွေ အချစ်တွေကို
တိမ်တိုက်ကြားမှာ
ခဏ၀ှက်ထားလိုက်
ဒါဆို အိမ်မက်တွေတောင်
ပေါ့ပါးသွားပြီး
လန်းဆန်းခြင်းတွေက မင်းကို
အသာတကြည် လာနိုးလိမ့်မယ် ...

Friday, October 3, 2008

တမ်းတခြင်း

အတိတ်ဆိုတာ တစ်ကယ်တမ်းပြောရရင် သေဆုံးမသွားတဲ့ ၀ိညာဉ်လိုပါပဲ။ အမြဲတမ်းလျှောက်လှန့်နေသလို၊ အမြဲတမ်းလမ်းဆန်းနေတဲ့ ပန်းတစ်ပွင့်လိုပါပဲ. ဒါ့ကြောင့်လူတိုင်းမှာ အတိတ်ဆိုတာရှိကြစမြဲပါပဲ...................
ငယ်ငယ်တုန်းကတည်းက ကျောင်းသားဘ၀ဆိုတာကို အရမ်းခုံမင်ခဲ့တဲ့သူတစ်ယောက်မို့ ကျောင်းသားဘ၀အကြောင်း၊ စာသင်သားဘ၀စသည့် ၀တ္တုတိုလေးလေးတွေကအစ ဖတ်မိပြီဆိုရင် မျက်ရည်ဝိုင်းခဲ့မိတာချည်း ပါပဲ. ဒါပေမယ့် ဖြေသိပ်ကြည့်ပါတယ်။ အလကားပါပဲ။ ဘာဖြစ်လို့လဲဆိုရင် လွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အထက်တန်းကျောင်းသားဘ၀ဆိုတာလေးကို ပြန်ပြီးတမ်းတနေလည်း ရနိုင်တော့မယ့် အရာမဟုတ်ပါဘူး ....

ဖြစ်ပြီးခဲ့တဲ့ အရာအားလုံးဟာ အတိတ်သမိုင်းလေးအဖြစ်(ပါးစပ်ရာဇ၀င်လေးတစ်ခု) ကျန်နေခဲ့မှာပါ .. တစ်ခါ တစ်လေတော့လဲ ပြန်စဉ်းစားမိတိုင်း တမြေ့မြေ့နဲ့ ခံစားနေရဆဲပါပဲ ... အပြစ်ကင်းစင်တဲ့ ကျောင်းသားဘ၀ဆိုတဲ့ ဂုဏ်ပုဒ်လေးကကို အရမ်းချစ်စရာကောင်းပါတယ်။ ကျွန်တော်က သူငယ်ချင်းဆိုတာကို အရမ်းခုံမင်တယ်။ အနစ်နာလဲခံတယ်.. ချစ်လဲချစ်တယ် .. သူငယ်ချင်းအတွက်ဆိုရင် ဘာပဲလုပ်ပေးရလုပ်ပေးရဆိုသလိုမျိုးပေါ့။ မေမေက ''သားရယ် . မင်းဒီလောက် သူငယ်ချင်းတွေကို ချစ်နေတယ်ဆိုရင် သားသူငယ်ချင်းတွေနဲ့ တစ်ပတ် လောက်နေကြည့်ပါလား" နောက်လိုက်တဲ့ မေမေ့စကားတစ်ခွန်းကြောင့် သူငယ်ချင်းတွေနဲ့ ငှားထားတဲ့ တစ်ထပ် တိုက်ပုလေးမှာ တစ်ပတ်လောက်သွားနေလိုက်တုန်းကလဲ ပျော်ခဲ့မိပါသေးတယ် .. အဲ့ဒီ့အချိန်တုန်းက မိဘရဲ့ အေးမြခြင်းဆိုတာထက် သူငယ်ချင်းများနဲ့ ပျော်ရွှင်ခြင်းဆိုတဲ့အရသာက ပိုကဲနေဦးမယ်ထင်ပါတယ် .. သူငယ်ချင်းတွေနဲ့ အတူတူအိပ်၊ အတူတူစား၊ အတူတူသွားတာကအစ ဘယ်အရာ မဆို သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်ခဲ့မိတယ် ... စာကျက်ရင်လဲ တစ်နေရာထဲ အတူတူကျက်ကြတာကအစ လွမ်းဆွတ်မှုသင်ခန်းစာထဲမှာပါသွားပါတယ် ... န၀မတန်း ပထမအစမ်းစာမေးပွဲနီးတုန်းက အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်အနက် အောင်နေစိုး (နယ်ထိန်း-ကပတ)ကို နိုးတာလုံးဝကိုမရတာပါ .. ဒီကောင်က အရမ်းကို အအိပ်ကြီးတာလေ .. အဲ့ဒါနဲ့ နောက်ထပ် သူငယ်ချင်းဖြစ်သူ ငြိမ်းချမ်းဇော်(ဗကငြိမ်းချမ်းဇော်)နဲ့ အတူတူ သတင်းစာ စက္ကူကို လိပ်၊ ခြေမကြားထဲကို ညှပ်၊ ပြီးတော့မီးရှို့လိုက်တာ ဘသားချော ဘယ်ခံ နိုင်မလဲလေ ... အော်လိုက်တာများဘေးတိုက်ခန်းတွေကကို အပြင်ထွက်လာကြတယ် ... "ဘာဖြစ်တာလဲ သားတို့တဲ့" "မဖြစ်ပါဘူး အန်တီ"လို့ ပြောလိုက်တဲ့ ရှုံ့မဲ့နေတဲ့ဒီကောင့် မျက်နှာကို အခုအချိန်အထိ မျက်ရည်များရဲ့ကြားထဲကနေ ပြုံးပြီး မြင်ယောင်နေဆဲပါပဲ ....

ဖတ်ရှု့ခံစားပေးသည့် သူငယ်ချင်းများကို ကျေးဇူးအထူးတင်ပါတယ် . ဖြစ်နိုင်လျှင် ဆက်ရေးချင်ပါသေးတယ် ..