လမ်းတစ်ဝက်ကနေ အဆုံးကိုကြည့်
မမြင်သေးရင် လှည့်ပြန်မှာလား ..
တောင်တန်းလိုကျင့်၊ တိမ်လိုမမြင်နဲ့
သဘောကျသလိုနေ၊ သောကမပွေစေနဲ့
ဖြစ်နိုင်ရင်
"လာစမ်းသောကတွေ"
မင်းခေါ်ကြည့်
သူတို့တစ်တွေ တွေဝေနေလိမ့်မယ်
သောကတွေကို ဘောင်သွင်းထားလို့
မင်းအတွက် အကျဉ်းကျနေရင်
သီချင်းသာ ညဉ်းဆိုလိုက်
မင်းရှေ့ကို တံခါးတစ်ချပ်
အလိုလိုဖွင့်ပေးလာလိမ့်မယ် ...
ပြီးဆုံးသွားတဲ့ သောက
ပြီးပြည့်စုံတဲ့ဘဝ
ရှာဖွေဖို့ မကြိုးစားနဲ့
ရပ်တည်နေတဲ့၊ ခြေထောက်ရဲ့
ခံနိုင်အားကိုသာတွေး ...
မုန်တိုင်းကြားက လင်းယုန်ငှက်ရဲ့
တောင်ပံခတ်သံဟာ
စွမ်းအားတစ်ခုလို့ သိနားလည်ခဲ့ရင်
လေနီကြမ်းလောက်ကို ခါးစောင်းခံတိုက်နိုင်တယ်
ဒါပေမယ့် ....
မိုးကိုတိုက်မယ့်
ဒူးခေါင်းကိုတော့ မေ့ပစ်လိုက်ပါတော့ ...
ဖြစ်နိုင်ရင်
အလွမ်းတွေ အချစ်တွေကို
တိမ်တိုက်ကြားမှာ
ခဏ၀ှက်ထားလိုက်
ဒါဆို အိမ်မက်တွေတောင်
ပေါ့ပါးသွားပြီး
လန်းဆန်းခြင်းတွေက မင်းကို
အသာတကြည် လာနိုးလိမ့်မယ် ...
Wednesday, October 29, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment