Showing posts with label Missing. Show all posts
Showing posts with label Missing. Show all posts

Friday, January 9, 2009

ရင်ထဲကမေမေ

သားသမီးဘာတွေ မေးမေး
စိတ်ရှည်ရှည်နှင့်ရှင်းပြတတ်တဲ့အမေ xxxxxx


သားသမီးတွေ ဘယ်လောက်ဆိုးဆိုး
ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်တတ်တဲ့အမေ xxxxxxxx

အချိန်တန်လို့ သားသမီးတွေခြေစုံကန်
ရင်ဘတ်ထဲကနေ ရုန်းကန်ထွက်သွားတုန်းကလဲ
ပြုံးပြုံးလေးနဲ့ နာကျင်မှုတွေကို ခါးစီးခံခဲ့တဲ့အမေ xxxxxxxxx

ဒုက္ခတွေနဲ့ကြုံလာတဲ့ သားသမီးအတွက်လဲ
အမြဲတမ်း အိမ်တံခါးလေးကိုစေ့ထားပါတယ်ဆိုတဲ့အမေ xxxxxxx

ခေတ်နဲ့အညီ ရင်ဘောင်တန်းမလိုက်နိုင်ပေမယ့်
သားသမီးတွေရဲ့လိုအပ်ချက်လေးတွေကို
ခေတ်ရေစီးကြောင်းကို အမှီလိုက်ဖို့ထက် စိတ်ဝင်စားတဲ့ အမေ xxxxxxx

မီးဖိုချောင်ထဲမှာ အချိန်ကုန်၊ အိမ်မှုကိစ္စတွေနဲ့ဘယ်လောက်ပင်ပန်းပါစေ
မေမေရေလို့သာ တစ်ခွန်းခေါ်လိုက်
"သားရေမေမေဘာလုပ်ပေးရဦးမလဲ" လို့ ပြုံးပြုံးလေးနဲ့ပြန်ပြောလိမ့်မယ် xxx

ငါ့ရင်ဘတ်ထဲမှာ မျက်ရည်စက်လက်နဲ့ အသက်ထွက်သွားလဲ
သေတဲ့အထိ ငါတမ်းတမ်းတတနဲ့ ခေါ်နေဦးမှာက 
အမေ !!!!!!!! လို့လေ 

Monday, December 8, 2008

ရင်ဘတ်ထဲက ခံစားချက် အပိုင်းအစ

ယိုင်နဲ့နဲ့ ခံစားချက်တစ်ချို့ကနေ
လွင့်စင်ကျလာတဲ့ သံစဉ်တစ်ချို့
သီဆိုသူ ကင်းမဲ့ပြီး
ဦးတည်ချက်မဲ့စွာ လွင့်မြောနေခဲ့တာ
လအတော်ကြာပါပြီ ....

လောင်မြိုက်နေတဲ့ မီးလောင်ရာကွင်းပြင်အလယ်
ငါတစ်ယောက်ထဲ ယောင်နနနဲ့
အူကြောင်ကြောင် ဟိုကြည့်ဒီကြည့်နဲ့
မတ်တတ်ရပ်နေမိတာလဲ
လအတော်ကြာပါပြီ ....

ကဲမင်းပြောတဲ့ အချစ်ဆိုတဲ့အရာရဲ့ အဓိပ္ပါယ်ကို ငါခံစားမိသလောက် ရှင်းကြည့်မယ်..
*အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်တဲ့*

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ တဲ့
(စိုးရွံ့တဲ့စိတ်နဲ့ မုန်းမိမယ့်စိတ်တို့ကြောင့် ဖြစ်လာတဲ့ သယုတ်ပြကွက်တစ်ခုပါ) လို့ ကိုပြန်ပြီးဖြေရှင်းချင်တယ် ... (ညီ)

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။

အဲဒါ ရမ္မက်ပါ တဲ့
ကိုကတော့အဲ့လိုမထင်ဘူး အဲ့ဒါဟာ ရင်ဘတ်ထဲက မြတ်နိုးမှုတွေ၊ ဂရုစိုက်မှုတွေနဲ့ တရှိုက်မက်မက်စွဲလမ်းမှုတစ်ခုရယ်ပါ .. (ညီ)

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ တဲ့
ကိုကတော့ ဒါဟာ ဝေးလွင့်သွားခြင်းရဲ့ နောက်ဆက်တွဲ အလွမ်းတွေနဲ့အဖော်ပြနေရမှာ တစ်ခုအတွက်ပါ ... (ညီ)

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ တဲ့
အဲ့ဒါဟာ ချစ်တဲ့စိတ်ကြောင့်ဖြစ်လာတဲ့ ကြည်နူးမှုတစ်ချို့တစ်လေပါ .... (ညီ)

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။
မဆိုင်ဘူးလို့ပဲ ငြင်းချင်တယ် ဒါဟာ အချစ်ထိပ်ဆိုင်ထောင့်နှစ်ခုပေါင်းလို့ဖြစ်လာတဲ့ တူညီချက်တစ်ခုရဲ့ result ပါ ချစ်သူ... (ညီ)

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ တဲ့
ဒါဟာ နှလုံးရောဂါအခံရှိတဲ့ လူတစ်စုရဲ့ လုပ်ကြံစကားပါ ..... (ညီ)

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။
ဒါဟာ ခွင့်လွတ်နိုင်တဲ့အပြစ်တစ်ခုမို့လို့ပါ ... (ညီ)

........ xxx ကဲလာပြီ ဒါက သူပြောတဲ့အချစ်တဲ့ xxx ......
သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။
ဘာလို့ဝမ်းနည်းတာလဲလို့အရင်မေး ပြီးမှ ခံစားသင့်ရင်ခံစား (တော်ကြာ တစ်ခြားကောင်လေးတစ်ယောက်ကြောင့်ဝမ်းနည်းနေတာကို ကိုက ဘုမသိဘမသိနဲ့ စွပ်ပြီးခံစားနေရင် အဓိပ္ပါယ်မဲ့နေမယ်လေ) (ညီ)

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။
မင်းယောကျာင်္းမဟုတ်ဖူးလား၊ မျက်ရည်ဆိုတာယောင်္ကျားတို့ တတ်အပ်တဲ့အဌာရသ(၁၈)ရပ်ထဲမှာမပါဘူးလေ ...
အရင်ဦးဆုံးမင်းစဉ်းစားရမှာက ကိုယ့်မိဘအတွက် မဖြည့်ဆည်းပေးနိုင်တဲ့အရာတစ်ခုအတွက် ပထမဦးဆုံးမျက်ရည်ကျရမှာလေ ..
မိဘက ပထမအချစ် .. ပြီးမှ ချစ်သူက ဒုတိယအချစ် ... (ညီ)

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။
ရှေ့တင်မှာတော့ အမြဲငို၊ နောက်ကွယ်မှာတော့ အကဲပို ဆိုရင် မင်းဘယ်လိုလုပ်မလဲ ... (ညီ)

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။
အချစ်နဲ့ဆိုရင် ထမင်းရည်ပဲ အတူတူသောက်ရသောက်ရဆိုတဲ့ခေတ်က သာလွန်မင်းလက်ထက်လောက်ကပါ .. (ညီ)

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။
?????????? etc ....
ဘာတွေပဲပြောပြော ကိုကတော့ အချစ်ဆိုတဲ့ အရာဟာ အဓိပ္ပါယ်ဖော်လို့မရတဲ့ နက်ရှိုင်းတဲ့ခံစားချက်တစ်ခုလို့ထင်တယ်လေ
ဘာလို့လဲလို့လဲဆိုတော့ အဓိပ္ပါယ်ဆိုတာ တစ်ခုထဲပဲရှိရမယ့် ခြွင်းချက်ဝိသေသတစ်ခုနော် ...
ကိုကတော့ မင်းကို သူတို့တွေ ဖော်ကျူးနေပါတယ်ဆိုတဲ့ အချစ်ဆိုတဲ့ အရာထက်ကို နက်နက်ရှိုင်းရှိုင်းပိုချစ်တာပါ ...
ဆိုလိုတာက အဓိပ္ပါယ်ဖော်လို့မရတဲ့ အချစ်မျိုးပေါ့ ...
ညီနေမင်း


Monday, December 1, 2008

ဒဏ်ရာ

ငါ့တစ်ကယ်လုံး
ခံစားရတဲ့ဒဏ်ရာဒဏ်ချက်တွေ
အဆမတန်များလွန်းလို့
နာကျင်နေပါပြီ ..

ဝမ်းနည်းကြေကွဲမှုတွေ
လွမ်းဆွတ်တမ်းတခြင်းတွေဆိုတာ
ရာသီချိန်အလိုက်ပေါ်တဲ့
ကောက်ပဲသီးနှံမျိုးမဟုတ်ဘူးလေ .......

ဒီလွမ်းဆွတ်မှုဆိုတာ တစ်ကယ်တော့
တည်ငြိမ်မှုမရှိသေးတဲ့ ကို့အတွက်
အမြဲတမ်းလိုလို ဖြစ်လာတတ်တဲ့
ဖြစ်စဉ်တစ်ခုလိုပါပဲ ...

ဖြစ်စဉ်တစ်ခုရဲ့အတိမ်အနက်ဆိုတာ
အကျိုးတရားနဲ့ အကြောင်းတရား
နှစ်ခုပေါင်းမှ အသက်ရှင်လာတတ်တဲ့
ရောဂါတစ်မျိုးပါ .......



Saturday, November 29, 2008

ဝမ်းနည်းကြေကွဲရခြင်း

Photobucket


ကျွန်တော် ဒီကနေ့ တော်တော်လေးကို ၀မ်းနည်းကြေကွဲလိုက်ရတာပါ .. စိတ်ထဲမှာတော့ ဆို့နေတယ်.. လူ့ဘ၀ဆိုတာတစ်ကယ်တော့ မွေးဖွားခြင်းနှင့်စပြီး သေဆုံးခြင်းနဲ့ပဲ အဆုံးသတ်ကြတာပါပဲ ... ဒီကနေ့ မနက် (6:15) မိနစ်မှာ ကျွန်တော်နှင့်အတူ အလုပ်လုပ်ခဲ့တဲ့ မန်နေဂျာ (ကိုနီတွတ်) တစ်ယောက် ရန်ကုန်မြို့မှာပဲ ဆေးကုသမှုခံယူရင်း ဆုံးပါးသွားခဲ့လို့ပါ .. ဒီထိုင်းမှာကတည်းက ဆေးဝါးအကောင်းစားများနှင့်ကုသခဲ့ ပါတယ် .. ဒါပေမယ့်လို့ မရခဲ့လို့ မြန်မာပြည်ကို ပြန်သွားရင်း ၅ ရက်အကြာမှာဆုံးပါးသွားခဲ့ရခြင်းပါ .. ရောဂါကတော့ အသည်းရောင်အသားဝါ (ဘီပိုး)ကြောင့်ပါ ... တစ်ပတ်အတောအတွင်း ဗိုက်အောင့်ရာကနေ ချက်ခြင်း ဖြစ်သွားခဲ့ရခြင်းအတွက် ရုတ်တစ်ရက်ဆိုတော့ လက်မခံနိုင်ခြင်းပေါင်းများစွာနှင့်ပါ ... ရင်တစ်ခုလုံးမှာတော့ အရမ်းကိုဝမ်းနည်းနေမိတယ်.. နောက်ဆုံးသောတစ်နေ့မှာ ညီညီတို့လဲ အနှေးနှင့် အမြန် လိုက်လာရမှာ ဆိုတာတော့ အသေအချာပါပဲ .. အဲ့ဒီ့လိုအခြေအနေမျိုးမှာ ဒီ http://nyinaymin.blogspot.com ဆိုတဲ့ ဘလောက်လေးဟာ လာလည်တဲ့လူတွေ တစ်စတစ်စ နည်းလာရင်းနဲ့ နောက်ဆုံးသောတစ်နေ့ လာလည်သူမဲ့နေတဲ့ ချောက်ကပ်ကပ် ဘလောက်လေးတစ်ခုအဖြစ် ကျန်ရစ်ခဲ့မှာပါ ... ရင်ထဲမှာတော့ ဆို့နေတာပဲဗျာ ... လူ့လောကကြီးက စိတ်ထားအရမ်းကောင်းတဲ့လူတွေကို ဘာဖြစ်လို့ အရင်ဦးဆုံး ခေါ်သွားရတာလဲ ... လူ့လောကကို ပျော်ရွှင်မှုတွေ၊ ဟာသတွေနဲ့ပဲ တည်ဆောက်ချင်ခဲ့တဲ့ ကိုနီတွတ်အဖြစ်ရော၊ ကျွန်တော် ထိုင်းနိုင်ငံသူ/သားတွေနဲ့ စကားများတဲ့အခါမျိုးတွေမှာ ဘာပဲဖြစ်ဖြစ် ရှေ့ဆုံးကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ အစ်ကိုတဖြစ်ရောပါ ကိုနီတွတ်ကို ညီလေးဒီနေရာကနေ ဆုတောင်းလိုက်ပါတယ် .. ကိုကြီး ကောင်းရာသုဂတိလားပါစေဗျာ ..

ဝမ်းနည်းကြေကွဲမှုများစွာနှင့်
ညီညီ (ခေတ္တ - ထိုင်းနိုင်ငံ)



Thursday, November 13, 2008

ရင်တွင်းစကား

အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး...။

(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။
နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ
ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။

(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့
ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။

(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား
ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့
လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။

(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း
ဝယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။
(
၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့
နင် စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစော
သေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီ
အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး
လွန်ခဲ့တဲ့ အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့
တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။
အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင် လဲလှောင်းနေတယ်... ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။


"ငါ...နင့်...ကို.... ချစ်......တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ...။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုပါတယ်.....။


Wednesday, October 29, 2008

သူငယ်ချင်းဟူသည်

သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ် ဘဲ ကောက်တွေ့ခဲ့ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်းအချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့ တယ်။ လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့သူငယ်ချင်းတွေလည်း ရှိတယ်။ လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတာလဲ ရှိတယ်။ အိမ်မှား ၀င်ပြီး ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ ကြတဲ့သူငယ်ချင်းတွေလည်း ရှိတယ်။ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ သူငယ်ချင်းတွေကကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း တကွဲတပြားစီ ဖြစ်ပြီး အဆက်အသွယ်က နည်းသထက် နည်းလာခဲ့တယ်။သူငယ်ချင်းတွေမှာ အသက် အပိုင်းအခြား မရှိဘူး။

ကိုယ့်နဲ့ရွယ်တူလည်းရှိတယ်။ ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့ လူလည်း ရှိတယ်။ ကြီးတဲ့သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့ အတွေ့အကြုံကို ယူတယ်။ ငယ်တဲ့သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကိုပြန်ရှာတယ်။ သူငယ်ချင်းတွေမှာ အသက်အရွယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။သူငယ်ချင်းတွေဟာ နွေ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်။တချို့က ပူပြင်းတဲ့ နွေနဲ့တူတယ်။ တချို့က နွေရဲ့ အပူဒဏ်ကို လျော့ပေးတဲ့မိုးနဲ့တူတယ်။ တချို့က အေးမြတဲ့ ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့အလှပတွေကို ခံစားရင်း ကိုယ့်ဘ၀ကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လိုစသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ၀မ်းနည်းစရာ၊ ၀မ်းသာစရာတွေနဲ့ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကိုမြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။ကွန်ပြူတာရဲ့ ဟိုတစ်ဖက်မှာ ထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကိုသူတို့ကြည့်ပြီး ပျော်နေမလား။ စာဖတ်ရလွန်းလို့ပဲ ကိုယ့်စာကြောင့်လို့ စိတ်ပျက်ပျက်နဲ့ ငြီးငြူနေမလား။ ဘာတွေလျောက်ရေးထားလဲ မသိဘူးဆိုပြီး မဲ့နေ မလား။ သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်မပြောပြတတ်လို့ အေးစက်တဲ့ ကွန်ပြူတာ ကတဆင့် ဒီကမ္ဘာရဲ့ ထောင့်တစ်နေရာကနေသူငယ်ချင်းတွေ ကျန်းမာပျော်ရွှင်ဖို့ နွေးထွေးတဲ့ ကိုယ့်မေတ္တာနဲ့ တောင်းဆုပြုလိုက်ပါတယ်။

Friday, October 3, 2008

တမ်းတခြင်း

အတိတ်ဆိုတာ တစ်ကယ်တမ်းပြောရရင် သေဆုံးမသွားတဲ့ ၀ိညာဉ်လိုပါပဲ။ အမြဲတမ်းလျှောက်လှန့်နေသလို၊ အမြဲတမ်းလမ်းဆန်းနေတဲ့ ပန်းတစ်ပွင့်လိုပါပဲ. ဒါ့ကြောင့်လူတိုင်းမှာ အတိတ်ဆိုတာရှိကြစမြဲပါပဲ...................
ငယ်ငယ်တုန်းကတည်းက ကျောင်းသားဘ၀ဆိုတာကို အရမ်းခုံမင်ခဲ့တဲ့သူတစ်ယောက်မို့ ကျောင်းသားဘ၀အကြောင်း၊ စာသင်သားဘ၀စသည့် ၀တ္တုတိုလေးလေးတွေကအစ ဖတ်မိပြီဆိုရင် မျက်ရည်ဝိုင်းခဲ့မိတာချည်း ပါပဲ. ဒါပေမယ့် ဖြေသိပ်ကြည့်ပါတယ်။ အလကားပါပဲ။ ဘာဖြစ်လို့လဲဆိုရင် လွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အထက်တန်းကျောင်းသားဘ၀ဆိုတာလေးကို ပြန်ပြီးတမ်းတနေလည်း ရနိုင်တော့မယ့် အရာမဟုတ်ပါဘူး ....

ဖြစ်ပြီးခဲ့တဲ့ အရာအားလုံးဟာ အတိတ်သမိုင်းလေးအဖြစ်(ပါးစပ်ရာဇ၀င်လေးတစ်ခု) ကျန်နေခဲ့မှာပါ .. တစ်ခါ တစ်လေတော့လဲ ပြန်စဉ်းစားမိတိုင်း တမြေ့မြေ့နဲ့ ခံစားနေရဆဲပါပဲ ... အပြစ်ကင်းစင်တဲ့ ကျောင်းသားဘ၀ဆိုတဲ့ ဂုဏ်ပုဒ်လေးကကို အရမ်းချစ်စရာကောင်းပါတယ်။ ကျွန်တော်က သူငယ်ချင်းဆိုတာကို အရမ်းခုံမင်တယ်။ အနစ်နာလဲခံတယ်.. ချစ်လဲချစ်တယ် .. သူငယ်ချင်းအတွက်ဆိုရင် ဘာပဲလုပ်ပေးရလုပ်ပေးရဆိုသလိုမျိုးပေါ့။ မေမေက ''သားရယ် . မင်းဒီလောက် သူငယ်ချင်းတွေကို ချစ်နေတယ်ဆိုရင် သားသူငယ်ချင်းတွေနဲ့ တစ်ပတ် လောက်နေကြည့်ပါလား" နောက်လိုက်တဲ့ မေမေ့စကားတစ်ခွန်းကြောင့် သူငယ်ချင်းတွေနဲ့ ငှားထားတဲ့ တစ်ထပ် တိုက်ပုလေးမှာ တစ်ပတ်လောက်သွားနေလိုက်တုန်းကလဲ ပျော်ခဲ့မိပါသေးတယ် .. အဲ့ဒီ့အချိန်တုန်းက မိဘရဲ့ အေးမြခြင်းဆိုတာထက် သူငယ်ချင်းများနဲ့ ပျော်ရွှင်ခြင်းဆိုတဲ့အရသာက ပိုကဲနေဦးမယ်ထင်ပါတယ် .. သူငယ်ချင်းတွေနဲ့ အတူတူအိပ်၊ အတူတူစား၊ အတူတူသွားတာကအစ ဘယ်အရာ မဆို သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်ခဲ့မိတယ် ... စာကျက်ရင်လဲ တစ်နေရာထဲ အတူတူကျက်ကြတာကအစ လွမ်းဆွတ်မှုသင်ခန်းစာထဲမှာပါသွားပါတယ် ... န၀မတန်း ပထမအစမ်းစာမေးပွဲနီးတုန်းက အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်အနက် အောင်နေစိုး (နယ်ထိန်း-ကပတ)ကို နိုးတာလုံးဝကိုမရတာပါ .. ဒီကောင်က အရမ်းကို အအိပ်ကြီးတာလေ .. အဲ့ဒါနဲ့ နောက်ထပ် သူငယ်ချင်းဖြစ်သူ ငြိမ်းချမ်းဇော်(ဗကငြိမ်းချမ်းဇော်)နဲ့ အတူတူ သတင်းစာ စက္ကူကို လိပ်၊ ခြေမကြားထဲကို ညှပ်၊ ပြီးတော့မီးရှို့လိုက်တာ ဘသားချော ဘယ်ခံ နိုင်မလဲလေ ... အော်လိုက်တာများဘေးတိုက်ခန်းတွေကကို အပြင်ထွက်လာကြတယ် ... "ဘာဖြစ်တာလဲ သားတို့တဲ့" "မဖြစ်ပါဘူး အန်တီ"လို့ ပြောလိုက်တဲ့ ရှုံ့မဲ့နေတဲ့ဒီကောင့် မျက်နှာကို အခုအချိန်အထိ မျက်ရည်များရဲ့ကြားထဲကနေ ပြုံးပြီး မြင်ယောင်နေဆဲပါပဲ ....

ဖတ်ရှု့ခံစားပေးသည့် သူငယ်ချင်းများကို ကျေးဇူးအထူးတင်ပါတယ် . ဖြစ်နိုင်လျှင် ဆက်ရေးချင်ပါသေးတယ် ..